ရာသီတုပ်ကွေး

ရာသီတုပ်ကွေး

 

ရာသီတုပ်ကွေးဆိုတာကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ (နှာခေါင်း၊လည်ချောင်းနဲ့ အဆုတ်)ကိုကူးစက်တဲ့ တုပ်ကွေးဗိုင်းရက်စ်များကြောင့် ဖြစ်ပွားတဲ့တုပ်ကွေးရောဂါတစ်မျိုးဖြစ်ပါတယ်။ ရာသီတုပ်ကွေးဟာ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရက်စ်ရောဂါများနဲ့မတူဘဲ နေမကောင်းပြင်းထန်စွာဖြစ်ခြင်းအပြင် အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

‌ရောဂါလက္ခဏာများ

ရာသီတုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်အဖျားတက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ ပြင်းထန်စွာကိုယ်လက်မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ နှာရည်ယိုခြင်းတို့ဖြစ်ပါတယ်။ ချောင်းဆိုးခြင်းဟာပြင်းထန်နိုင်ပြီး ၂ ပတ်နဲ့အထက်ကြာနိုင်ပါတယ်။လူအများစုမှာတော့ ဆေးကုသမှုခံယူစရာမလိုဘဲ တစ်ပတ်အတွင်း အဖျားနဲ့အခြားလက္ခဏာတွေကနေ ပြန်လည်သက်သာလာကြပါတယ်။ ဒါပေမယ့် ရောဂါအခံရှိတဲ့တုပ်ကွေးဖြစ်သူအချို့ကတော့ နေမကောင်းပြင်းထန်စွာဖြစ်ပြီး သေဆုံးသည်အထိရောဂါပြင်းထန်နိုင်ပါတယ်။

ကာကွယ်ခြင်း

ရာသီတုပ်ကွေးကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်။

WHO ကနှစ်စဉ်ကာကွယ်ဆေးထိုးဖို့အတွက်အကြံပြုထားသူတွေကတော့-

  • ကိုယ်ဝန်ဆောင်သည်များ
  • အသက် ၆ လမှ ၅ နှစ်အတွင်းကလေးများ
  • သက်ကြီးရွယ်အိုများ (အသက် ၆၅ နှစ်အထက်)
  • နာတာရှည်ကျန်းမာရေးအခြေအနေရှိသူများ
  • ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ

အခြားကာကွယ်နိုင်မယ့်နည်းလမ်းများ

  • လက်ကို ဆပ်ပြာနှင့်ရေဖြင့်သေချာစွာဆေးပါ၊ သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ။
  • နှာချေ၊ ချောင်းဆိုးပါက နှာခေါင်းနဲ့ပါးစပ်ကိုတစ်ရှုးဖြင့်အုပ်ပါ။
  • မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ထိခြင်းမှရှောင်ပါ။ ဒီလိုလုပ်ခြင်းဟာ ခန္ဓာကိုယ်ထဲကိုပိုးမွှားများလွယ်ကူစွာ ဝင်ရောက်လာနိုင်ပါတယ်။
  • ရေဓာတ်ပြည့်ဝအောင်နေပြီး အာဟာရမျှတဲ့ အစားအစာတွေကိုစားသုံးပေးပါ။
  • ရယ်မောခြင်းဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လည်း သင့်ရဲ့ကိုယ်ခံအားစနစ်ကိုမြှင့်တင်နိုင်ပြီး ဖျားနာခြင်းမှလျင်မြန်စွာ သက်သာနိုင်စေနိုင်ပါတယ်။
  • အဖျားပျောက်ဆေးမသောက်ဘဲ အဖျားပျောက်ပြီး နောက်၂၄ နာရီအထိ အိမ်မှာပဲနေပါ။

ကုသမှု

လူအများစုဟာ သူ့ဘာသာသူတုပ်ကွေးရောဂါပျောက်ကင်းကြပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါမှာ ဆေးရုံးသွားပြီးဆေးကုသမှုခံယူစရာမလိုအပ်ပေမယ့် သင့်ကိုယ်ကိုကာကွယ်ဖို့နဲ့ အခြားသူတွေကိုမကူးစက်စေဖို့ အောက်ပါအချက်တွေကိုလုပ်ဆောင်သင့်ပါတယ်။

    • အနားယူပါ၊အရည်များများသောက်ပြီး သင့်ရဲ့ရောဂါလက္ခာတွေကိုကုသဖို့အတွက် သင်ပုံမှန်သောက်သုံးလေ့ရှိတဲ့ဆေးတွေကို သောက်ပါ။
    • အလုပ် (သို့) ကျောင်းမသွားပဲ အိမ်မှာပဲနေပါ။ အဖျားပျောက်ပြီး ၂၄ နာရီပြည့်မှ အလုပ် (သို့) ကျောင်းသို့သွားပါ ။
    • အခြားလူများနဲ့အနီးကပ်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။
      လူထူထပ်တဲ့နေရာများ သွားရောက်ခြင်းမှရှောင်ကြဉ်ပါ။ အိမ်သူအိမ်သားများနဲ့အနီးကပ်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။
    • နှာချေ၊ချောင်းဆိုးပါက နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ပါ။