သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေး

 

သွေးလွန်တုပ်ကွေးဟာ ခြင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အပူပိုင်းဒေသများနဲ့မိုးရာသီကုန်ဆုံးချိန်မှာအဖြစ်များလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါမှာ အဖျားတက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခန္ဓာကိုယ်တွင်အနီကွက်များထွက်ခြင်းတို့အပြင် ကြွက်သားနဲ့အရိုးများနာကျင်ခြင်းကိုလည်းခံစားရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ
ပြင်းထန်တဲ့အခြေအနေများမှာတော့ ရုတ်တရက်သွေးပေါင်ချိန်ကျဆင်းပြီး လူနာသေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးအမျိုးအစားများ

 

သွေးလွန်တုပ်ကွေးအမျိုးအစားများမှာတော့ classic dengue, dengue haemorrhagic fever နဲ့ dengue shock syndrome ဆိုပြီး အမျိုးအစား ၃ မျိုးရှိပါတယ်။

  • Classic Dengue:၄ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာပြပါတယ်။
    Febrile အဆင့်မှာတော့ အဖျားကြီးခြင်း (၄၀ ဒီဂရီစင်တီဂရိတ်/၁၀၄ ဒီဂရီဖာရင်ဟိုက်) ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ မျက်လုံးနောက်မှနာကျင်ခြင်း၊ ကြွက်သားများနဲ့အဆစ်များနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဂလင်းများရောင်ရမ်းခြင်းနဲ့ အနီဖုထခြင်းကဲ့သို့သော လက္ခဏာများလည်းဖြစ်လေ့ရှိပါတယ်။
  • Dengue Hemorrhagic Fever: လူနာတစ်ဦးဟာ ဖျားနာပြီး ၃ ရက်မှ ၇ ရက်ခန့်တွင် အရေးကြီးတဲ့အချိန်ကိုရောက်ရှိလာပါတယ်။ ဒီအချိန်မှာတော့ လူနာဟာအဖျားကျသွားပြီး (၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀ ဒီဂရီဖာရင်ဟိုက်အောက်) ပြင်းထန်တဲ့သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေစပြလာပါတယ်။ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးအဆင့်မှာတော့ ပလာစမာယိုစိမ့်ခြင်း၊ အရည်များကိုယ်တွင်းစုပုံလာခြင်း၊ အသက်ရှူ ရခက်ခဲခြင်း၊ သွေးပြင်းထန်စွာထွက်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်ခြင်းတို့ဖြစ်လာနိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ လူနာသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ဆရာဝန်များအနေနဲ့ အဓိကစောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်နာခြင်း၊ ဆက်တိုက်အန်ခြင်း၊ အန်တဲ့အခါမှာသွေးပါခြင်း ၊ သွားဖုံးမှသွေးယိုခြင်း၊ မောပန်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ အသက်ရှူမြန်ခြင်းတို့ပဲဖြစ်ပါတယ်။
  • Dengue Shock Syndrome: ဒီအဆင့်တွေမှာတော့ Classic Dengue နဲ့ Dengue Hemorrhagic Fever တို့မှာဖြစ်တတ်သည့် ရောဂါလက္ခဏာတွေပြလာရုံသာမက သွေးကြောများမှအရည်များယိုထွက်ခြင်း၊ ထိတ်လန့်ခြင်း၊ သွေးတိုးခြင်းကဲ့သို့လက္ခဏာများပါ ပြလာပါတယ်။

ကာကွယ်ခြင်း

 

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီးကောင်းမွန်တာကြောင့် သွေးလွန်တုပ်ကွေးမဖြစ်စေဖို့အတွက် ခြင်မကိုက်အောင်နေထိုင်သင့်ပါတယ်။

  • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ခြင်ထောင်ထောင်ပြီးနေပါ
  • နေခင်းဘက်မှာ ခြင်မကိုက်အောင်နေပါ
  • ခြင်ကိုက်ကာကွယ်နိုင်မယ့်အဝတ်အစားများဖြစ်တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် တွေကိုဝတ်ဆင်ပါ
  • ခရီးထွက်ပစ္စည်းများနဲ့ ခြင်ထောင်တွေကို permethrin ဖြန်းထားပါ
  • သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်တွေဟာ စိုစွတ်တဲ့နေရာတွေမှာဥဥတာကြောင့် ဒီလိုနေရာတွေ အိမ်မှာမရှိအောင်ရှင်းလင်းထားသင့်ပါတယ်။

သွေးလွန်တုပ်ကွေးဟာ အသက်အရွယ်မရွေး၊ရာသီဥတုမရွေးဖြစ်နိုင်တာကြောင့် အမြဲသတိထားပြီး နေထိုင်သင့်ပါတယ်။

ကုသခြင်း

 

သွေးလွန်တုပ်ကွေးရောဂါကိုကုသနိုင်မယ့် ကုသနည်းအတိအကျမရှိသေးပါဘူး။ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတော်တော်များများဟာ (၂)ပတ်အတွင်းပြန်လည်သက်သာလာပေမယ့် သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေမခံစားရအောင် သေချာစွာဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ သွေးလွန်တုပ်ကွေးပြင်းထန်ခြင်းမရှိပါက ကောင်းမွန်စွာအနားယူခြင်း၊ ရေဓာတ်ပြည့်ဝစွာနေထိုင်ခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးသင့်ပါတယ်။